*** - TopicsExpress



          

*** ခံစားမှုမှအသိသို့ သက်မဲ့ဖြစ်သော ကျောက်တုံးတစ်တုံးတွင် ခံစားမှုမရှိ၊ အမှားအမှန်ကို မသိနိုင်။ သက်ရှိ ဖြစ်လာသော တိရစ္ဆာန်ကောင် တစ်ကောင်သည်လည်း ခံစားမှုရှိသော်လည်း အမှားအမှန်ကို ကောင်းစွာ ခွဲခြားနိုင်သော ဉာဏ်ရည် အသိဆင့် နည်းပါးပါသေးသည်။ ထို့ကြောင့် တိရစ္ဆန်များတွင် လိုအပ်ချက် (Necessity)ဟူသော ရှင်သန်ရေး (Survival)အတွက်သာ ရှင်သန်ကြရသည်။ လောကအကြောင်း မစဉ်းစားတတ်၊ မစဉ်းစားနိုင်၊ မျိုးဆက်သစ်တို့ အကြောင်း မစဉ်းစားနိုင်၊ မစဉ်း စားတတ်ကြချေ။ အမှားအမှန်ကို စဉ်းစားဝေဖန် ပိုင်းခြားနိုင်မှုသည် ခံစားမှု ရှိကြသော အရေအတွက် အနန္တရှိသော သတ္တလောကကြီး တစ်ခုလုံးတွင် လူ တစ်မျိုးတည်း၌သာ တည်၏။ ထို့ကြောင့် ဗုဒ္ဓက လူ့ဘ၀ကို ရခဲလှသောဘ၀ဟု ဆိုခြင်းဖြစ်သည်။ လူတွင် ခံစားမှု ကောင်းစွာရှိ၏။ ထို့ထက်ပိုသော စွမ်းရည်ကား အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်ခြင်းပင် ဖြစ်သည်။ လူ၏စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့်ပညာ တို့သည် လူ၏ တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများအရ အသက်ရှူ မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်။ လူတို့နှင့် ပတ်သက်၍ ကျင့်ဝတ်ဟူသော Ethics အကြောင်းကို ဗုဒ္ဓက ကျယ်ပြန့်စွာ ဟောကြားခဲ့ပြီး ဖြစ်သည်။ အတ္တခွာ ကျင့်ဝတ်တို့ကိုသာ လိုက်နာနိုင်ပါက လောကအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုး ဆောင်ရွက်ကြသူတို့ အလိုအလျှောက် ဖြစ်လာကြမည် ဖြစ်သည်။ အချို့ပညာနည်း၊ အသိနည်းသူများက Determinism သို့မဟုတ် Predestination ဟူသော ကံကြမ္မာကို ကြိုတင်ဆုံးဖြတ်သည် ဟူသည့် ၀ါဒအပေါ် မျက်လုံးမှိတ် ယုံကြည်ထားကြသူများ ရှိကြသည်။ ဗုဒ္ဓဖြစ်စေလိုသော ပညာကို လုံးဝမသုံးရာ ရောက် နေပါသည်။ သံသရာတစ်လျှောက် ဘ၀ပေါင်းများစွာက စုတေလာသော ကံကံ၏ အကျိုးဆက်က တစ်ပိုင်းရှိသလို ယခုဘ၀ ဉာဏ်၊ ၀ီရိယ၊ စိတ် တို့၏ အပိုင်းကလည်း တစ်ပိုင်း ရှိနေပါသေးသည်။ ရှင်ဘုရင် ဖြစ်မည့်သူက ရှင် ဘုရင် ဖြစ်လာရသော်လည်း ပုဂံမင်းလို ရာဇ၀င်မကောင်းသော ဘုရင်အဖြစ် ထိုစဉ်က သူလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ကဲ့သို့ ရှင်ဘုရင် များမှာလည်း သူတို့၏ ထိုစဉ်က ဆောင်ရွက်ချက်များကြောင့်သာ သမိုင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူတောင်းစားချင်း တူသော်လည်း တောင်းကြသော ခွက်ထဲ ငွေအနည်းအများရခြင်း မတူသည်ကို သတိထားမိနိုင် ကြပါလိမ့်မည်။ ထည့်သူ၊ မထည့်သူ အားလုံးကို ကောင်းစွာ ဆုတောင်းပေးသော သူတောင်းစားခွက်က မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစား ခွက်ထက် ပို၍ သဒ္ဓါကြေး ပိုနေတတ်သည်မှာ သူတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။ ငွေအရနည်းသော သူတောင်းစားက ခံစားမှု သက်သက်ကိုသာ ခံစားသူဖြစ်ပြီး ငွေအရများသော သူတောင်းစားမှာ ခံစားမှုထက်ပိုသော အမှားအမှန် တို့ကို ဝေဖန်ပိုင်းခြားနိုင်မှု တစ်စုံတစ်ရာ ရှိလာခြင်းကြောင့် ဖြစ်သည်။ လူမှတစ်ပါး အခြား သတ္တ ၀ါတို့သည် သိစိတ် နှင့် ခံစားမှု ရှိကြသော်လည်း အဆင့်နိမ့် သိစိတ်များသာ ဖြစ်ကြ၏။ အမှားအမှန် မဝေဖန်၊ မပိုင်းခြားနိုင်၍ သဒ္ဓါ၊ စေတနာတို့ ပါးလျကြသည်။ လူသည် အဆင့်မြင့် သိစိတ် ရှိသူဖြစ်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကောင်းစွာရှိကြသူများ ဖြစ်သည်။ သဒ္ဓါ၊ စေတနာ၊ ကရုဏာ တို့ကို ထားနိုင်ကြ၏။ အကယ်၍ တစ်ဦးတစ်ယောက်သည် အမှားအမှန်တို့ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘဲ စေတနာ၊ သဒ္ဓါ၊ ကရုဏာတို့ ကင်းမဲ့သည် ရှိသော် ထိုသူတို့၏ အဆင့်မှာ အဘယ်သို့ ရောက်ရှိသွားနိုင်ပါမည်နည်း။ WRITTEN BY နေဇင်လတ်
Posted on: Fri, 17 Jan 2014 02:30:01 +0000

Trending Topics



Recently Viewed Topics




© 2015