လွတ်လပ်သော ပုဂ္ဂလိက - TopicsExpress



          

လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သည့် အပြုအမူများ ပိုမိုပြုလုပ်လာ မြန်မာပို့စ်ဂျာနယ် ရုံးတည်ရှိရာ United Media Group အဆောက်အအုံအား ဇွန် ၂၂ ရက်က တွေ့ရစဉ် လက်ရှိအချိန်တွင် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် Freedom of Press ကို ဖိနှိပ်သည့် အပြုအမူများ ပိုမိုပြုလုပ်လာကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်လျက် ရှိနေပါသည်။ ယင်းသို့ ပုဂ္ဂလိက သတင်းမီဒီယာနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနှင့်ဖြစ်စေ ထိန်းချုပ်ဟန့်တားလိုမှုနှင့် မျက်မှောက်ခေတ်တွင် အစိုးရ မီဒီယာများနှင့် အပြိုင်ဖြစ်လာသည့် ပုဂ္ဂလိက မီဒီယာများကို ထိပါးနှောင့်ယှက် မှုများအပေါ် ဂျာနယ်လစ် အသိုင်းအ၀ိုင်းမှ ကန့်ကွက်ရှုတ်ချ ဝေဖန်မှုများ ပြုလုပ်လာကြကြောင်းကိုလည်း သိရသည်။ လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများ၏ ရေးသားဖော်ပြ ချက်များအပေါ် အစိုးရ အနေဖြင့် ထိန်းချုပ်တားမြစ်မှုများ သတိပေးမှုများ ဖိအားပေးခြင်းများနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော မြန်မာပို့စ် သတင်းဂျာနယ်တွင် ပြီးခဲ့သည့် မေလအတွင်းက မျက်နှာဖုံး၌ "အစိတ်သား တပ်မတော်" ဟူသော အသုံးအနှုန်းနှင့် "နိုင်ငံတကာ ဧည့်သည်တော်ကြီးများရှေ့၌ နိုင်ငံတော်အလံ ဇောက်ထိုးဖြစ်ရပ် ထပ်မံပေါ်ပေါက်" စသည့် စကားရပ်များ ပါဝင်သော သတင်းတို့ကို ဖော်ပြပြီးနောက် ယင်းဂျာနယ်မှ တာဝန်ရှိသူများအား အစိုးရ အရာရှိများက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ဦးဆောင်၍ သမ္မတရုံး၊ ရှေ့နေချုပ်ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန စသည်တို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံကာ အဆိုပါ သတင်းအတွက် တောင်းပန်စာ ဖော်ပြစေခဲ့ကြောင်း မြန်မာပို့စ် ဂျာနယ်၏ အတိုင်ပင်ခံဖြစ်သူ ဦးသန်းဝင်းနိုင်က Weekly Eleven ဂျာနယ်သို့ ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ် ဖြစ်ပွားပြီး မကြာမီပင် မြန်မာပို့စ်ဂျာနယ် ရုံးစိုက်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင် တိုင်းဒေသကြီး အရန်တပ်ခွဲဝန်း အတွင်းရှိ အဆောက်အအုံမှ ဂျာနယ်ရုံးခန်းကို ပိတ်သိမ်းပြောင်းရွေ့ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ယင်းအဆောက်အအုံမှ ပြောင်းရွေ့ပေးရန် ယခင်က ပြောကြားမှု ရှိခဲ့သော်လည်း နားလည်မှုဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိထားပြီးဖြစ်ရာ ယခုတစ်ကြိမ် အကြောင်းကြားမှုတွင်မူ နေ့စဉ်လာရောက် ဖိအားပေးမှုများ ရှိနေကြောင်း မြန်မာပို့စ်ဂျာနယ် ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။ ထိုကဲ့သို့ ဖိအားပေးမှုအပြင် မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူ၏ နေရပ်လိပ်စာကို ရဲတပ်ဖွဲ့မှ အဆိုပါ မီဒီယာ၏ ဒါရိုက်တာ အဖွဲ့ထံ လာရောက်မေးမြန်းမှုများ ရှိခဲ့ကြောင်း မြန်မာပို့စ်ဂျာနယ် အကြံပေး ဦးသန်းဝင်းနိုင်က ပြောကြားခဲ့သည်။ နောက်ဆုံးအနေဖြင့် ဇွန် ၂၁ ရက်က သတိပေးစာတစ်စောင် ရောက်ရှိလာပြီး ၁၅ ရက်အတွင်း ဖယ်ပေးရမည့် အကြောင်းနှင့် မဖယ်ပေးပါက အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပုဂ္ဂလိက မီဒီယာများအပေါ် အစိုးရ၏ လုပ်ဆောင်မှုများမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ထိခိုက်စေနိုင်ပြီး မီဒီယာ လွတ်လပ်ခွင့် အတွက်လည်း အဟန့်အတား ဖြစ်စေနိုင်သည့် လုပ်ရပ်အဖြစ် ရှုမြင်နေမှုများလည်း ရှိနေပါသည်။ "အခုဆိုရင် နှစ်နှစ်ရှိပြီ။ အခု နှစ်နှစ်အတွင်းမှာ ဒါမျိုးတွေကို တချို့မီဒီယာတွေ ကြုံရတာပေါ့နော်။ အဲဒီတော့ ဒီမိုကရေစီရဲ့ အဆင့်အတန်းကို ဘယ်လိုရေတွက်လဲ။ လွတ်လပ်ခွင့်ဆိုတာကို သိသိသာသာ မရှိသေးဘူး။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိသေးဘူး" ဟု ဦးသန်းဝင်းနိုင်က ပြောကြားခဲ့သည်။ မြန်မာပို့စ်ဂျာနယ် အနေဖြင့် ၎င်းတို့၏ ဂျာနယ်ရုံးခန်း တစ်ခုတည်းသာ မဟုတ်ဘဲ ၎င်းဂျာနယ်၏ မိခင်ကုမ္ပဏီဖြစ်သော Ammata Living Space ဟိုတယ်သုံး ပရိဘောဂဆိုင်ရာ အဆောက်အအုံနှင့် ဂျာနယ်ရုံးစိုက်ရာ United Media Group အဆောက်အအုံ အပါအ၀င် ကားပြုပြင်ခြင်း လုပ်ငန်းခုနစ်ခုကိုပါ ယင်းမြေနေရာမှ ပြောင်းရွေ့ပေးရန် အကြောင်းကြားစာ၌ ဖော်ပြထားကြောင်း သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။ ယင်းကဲ့သို့ တောင်းပန်စာ ဖော်ပြပေးရမှုအပေါ် မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ရာဂဏန်းရှိသော ရုံးဝန်ထမ်းများ ထမင်းအိုး ကွဲစေနိုင်သည့် အရေးကို စိုးရိမ်သည့်အတွက် ထိုသို့ တောင်းပန်မှုကို ၎င်းအနေဖြင့် မလုပ်ချင်ဘဲ လုပ်ခဲ့ရကြောင်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်ဟု မြန်မာသံတော်ဆင့် ဂျာနယ်က ဖော်ပြခဲ့ပါသည်။ အစိုးရ အနေဖြင့် မီဒီယာအပေါ် ယင်းကဲ့သို့ အကျပ်ကိုင် ဖိအားပေးမှုမျိုး ယခင်စစ်အစိုးရ လက်ထက်ကလည်း အမြဲတစေ လုပ်ကိုင်လေ့ရှိပြီး ပုဂ္ဂလိက မီဒီယာအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ယခုအချိန်ထိ ရှိနေသေးကြောင်း ဂျာနယ်လစ် အချို့၏ ပြောကြားချက်အရ သိရသည်။ ပုဂ္ဂလိက သတင်းမီဒီယာအပေါ် အစိုးရ၏ သဘောထား၊ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဟံသာဝတီ ဦးဝင်းတင်က "မလိုရင် မလိုသလို မီဒီယာကို အကျပ်ကိုင်တယ် ဆိုတာကတော့ ရှင်းရှင်းပြောရရင် သိပ်မဆန်းတော့ဘူး။ ဒါပေမဲ့ အဲလိုလုပ်တဲ့ အခါမှာ ချက်ချင်းအရေးယူတာမျိုး တုံ့ပြန်မှု မလုပ်ကြဘူး။ အကြောင်းကြုံကြိုက်တဲ့ အခါကျမှ ကွပ်မျက်တဲ့ ဟာလေးတွေ လုပ်တယ်ပေါ့။ အခုလိုမျိုး ဘာမဟုတ်တဲ့ သာမန်ကိစ္စ လေးတွေတောင်မှ လိုက်ပြီးလက်တုံ့ပြန် နေမယ်ဆိုရင် တိုင်းပြည်မှာ အရေးကြီးတဲ့ကိစ္စတွေ ရေးကြမယ်ဆိုရင် သူတို့သဘောထားတွေက တင်းမာမှုတွေ အများကြီး ရှိလာမယ်ဆိုတာ ထင်ရှားတယ်လို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုက ဒါတွေဟာ တစ်နည်းအားဖြင့်ဆိုရင် ကျွန်တော်တို့ သတင်းစာတွေကို ဖိနှိပ်တာ၊ ချုပ်ချယ်တာပေါ့ဗျာ။ ဒါကတစ်ခုပေါ့။ နောက်ထပ် ပြောချင်တာက အဲဒီကနေ တစ်ဆင့်ဆိုရင် သတင်းစာတွေကို တရားစွဲတာတွေ လုပ်လာတော့မယ်။ ဖြစ်နိုင်ရင် ထောင်ချတာတောင်မှ လုပ်ရင်လုပ်တော့မှာပေါ့။ ဘာပဲပြောပြော ကျွန်တော်တို့က အခုက သတင်းစာ လွတ်လပ်ခွင့် အပြည့်အ၀ မရှိပေမယ့် သတင်းစာ လွတ်လပ်ခွင့်ကို အရိပ်အယောင်လေးတော့ တွေ့နေရတယ်။ အဲဒီအတွက် ကျွန်တော်တို့ ၀မ်းသာတယ်၊ ကြိုဆိုတယ်။ သို့သော် အခုအတိုင်းသာ ဆိုရင်တော့ ဒါဟာ လက္ခဏာတွေ ပြနေတာက ကြာရင် ပြန်ပျက်ပြားလာတော့မယ့် အနေအထား ရှိနိုင်တယ် ထင်တယ်" ဟု ပြောကြားခဲ့သည်။ Reposted by saung Credit to Eleven Media Group facebook/mmcities
Posted on: Mon, 24 Jun 2013 02:40:12 +0000

Trending Topics



Recently Viewed Topics




© 2015