လက်နောက်ပစ်ပြီး - TopicsExpress



          

လက်နောက်ပစ်ပြီး ကျောခိုင်းထားတဲ့ ကတုံးပြောင်ကောင်လေးပုံကို သိကြပါသလား.. ဒီကောင်လေးကို ဟန်ဒလာ (Handala) လို့ခေါ်ပါတယ်.. ပါလက်စတိုင်းကာတွန်းဆရာ နာဂျီအယ်အလီ (Naji-Al-Ali) ရဲ့ ဇာတ်ကောင်ပဲဖြစ်ပါတယ်။ သူရေးတဲ့ပုံတိုင်းမှာ ကောင်လေး ကျောခိုင်းထားတဲ့ပုံ အမြဲပါပါတယ်။ ဟန်ဒလာ ဟာ စစ်ဘေးဒုက္ခသင့်နေရတဲ့ ကလေးငယ်တွေ၊ ဆင်းရဲမွဲတေနေကြရတဲ့ ကလေးငယ်တွေကို ကိုယ်စားပြုထားတဲ့.. သရုပ်ပုံပဲဖြစ်ပါတယ်။ ပါလက်စတိုင်းနိုင်ငံရဲ့ စစ်ဘေးဒဏ်တွေကြောင့် ဒုက္ခတောထဲက ကလေးတွေရဲ့ဘ၀၊ မိသားစုဘ၀ကို ဟန်ဒလာ နဲ့ ကာတွန်းဆရာက ဖော်ကြူးခဲ့ပါတယ်။ ပါလက်စတိုင်း ကာတွန်းဆရာ ဖြစ်တာကြောင့် အစ္စရေးကို ရှုံချတဲ့ကာတွန်းတွေ အတော်လေးရေးပါတယ်။ သူ့ရဲ့ကာတွန်းပုံတွေဟာ နာကျည်းစရာတွေနဲ့ပဲ ပြည့်နှက်နေပါတယ်။ ပြသနာက သတင်းကာတွန်းဖြစ်တာကြောင့် အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွေ၊ စစ်အတွင်း အခြေအနေတွေကို သိထားမှ သူ့ကာတွန်းတွေကို နားလည်နိုင်မှာပါ။ ဟန်ဒလာ အကြောင်းကို ကျွန်တော် လစဉ် ရယ်စရာ မဂ္ဂဇင်းမှာ ရေးနေတဲ့ ဘိလပ်က ကာတွန်းတွေ ဆောင်းပါးမှာရေးဖို့ စဉ်းစားထားပါတယ်။ ခက်တာက အစ္စရေး-ပါလက်စတိုင်း အကြောင်းနောက်ခံလေးမှမပါရင် ဆောင်းပါးရေးဖို့ခက်နေတာပါပဲ။ ကျွန်တော်ရဲ့ အားနည်းချက်ကြောင့် နောက်ခံသမိုင်းကို ဂဃနဏ မသိဘူးဖြစ်နေတယ်။ ထုံးစံအတိုင်း wiki ကို အားကိုးကြည့်တော့လည်း ကိုယ်တိုင်က အင်္ဂလိပ်စာ အားနည်းတာရော၊ ကိုယ်နားမလည်တဲ့ လူမျိုးစု ပြသနာတွေ၊ ပထ၀ီ အနေအထားတွေကို လိုက်ဖတ်နေရတာနဲ့တင် ခေါင်းတွေ ခြာခြာလည်နေတာကြောင့် History Brief ကို မြန်မာလို ဖတ်လိုက်ရရင်ကောင်းမယ်လို့ တွေးမိပါတယ်။ ဒါကြောင့် အနီးစပ်ဆုံး ဒေါက်တာမတင်ဝင်း ရဲ့ စစ်မီးမငြိမ်း မြက်ခင်းမစိမ်းတဲ့မြေ စာအုပ်ကို မရမက လိုက်ရှာဝယ်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာအုပ်ဆိုင်မှာ အဆင်မပြေဖြစ်ခဲ့တာလေးကို status တင်ထားမိတော့ တစ်ချို့က ဒေါက်တာမတင်ဝင်းနဲ့ ပတ်သက်တဲ့ အမြင်တွေ၊ အကြံတွေ ပေးကြပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့အတွက်တော့ အဲဒီလောက်ဖတ်ရရင်ပဲ ဆောင်းပါးအတွက်ရော၊ ကိုယ်သိချင်တဲ့ အရာလေး (ကွက်ကွက်လေး) အတွက် လုံလောက်တယ် လို့ ထင်မိလို့ပါ။ ပါလက်စတိုင်းကာတွန်းဆရာကတော့ ၁၉၈၇ ခုနှစ်မှာ လန်ဒန်မှာ သေနတ်နဲ့ ချောင်းအပစ်ခံရပြီး ကွယ်လွန်သွားခဲ့ပါပြီ။ ဒီနေ့အထိ ဟန်ဒလာကို ပါလက်စတိုင်းရဲ့ စစ်ပွဲပုံရိပ်၊ နိမိတ်ပုံ၊ ကမ္ဘာတလွှားက စစ်ဘေးသင့်ကလေးငယ်တွေရဲ့ ရုပ်ပုံလွှာတွေအဖြစ် အသုံးပြုနေကြဆဲပါ။ ဒေါက်တာမတင်ဝင်းစာအုပ် ၀ယ်ရခြင်း အကြောင်းရင်းက ဆောင်းပါးလေးတစ်ပုဒ်အတွက် ရေးဖို့ သိချင်တာလေးအတွက် စာအုပ်ဝယ်ဖတ်ရတာပါ။ ဒီလောက်ဆို လုံလောက်ပြီထင်ပါရဲ့ဗျာ။ ဆောင်းပါး စာမူခက တော့ ..း-) ကိုလူဇော်သစ်ရေ.. ပြောလိုက်ရမလားဗျာ..။
Posted on: Wed, 25 Sep 2013 21:02:05 +0000

Trending Topics



Recently Viewed Topics




© 2015